ခြောက်ကပ်ကပ်အသည်းရဲ့ ပြဿနာ
မင်းမရှိရင် ကိုယ့်အသည်းလေးခြောက်သွားတော့မှာ ဘာညာပြောတာမျိုး ကြားဖူးကြမယ် ထင်တယ်နော်။
အသည်းခြောက်တယ် ဆိုတာ ဘာလဲ??
အသည်းခြောက်တယ်ဆိုတာ အသည်းရဲ့ ပုံမှန်တစ်ရှူးတွေ နေရာမှာ အမာရွတ်လို တစ်ရှူးတွေ ဖြစ်လာတာဖြစ်ပြီး အဲဒီ အမာရွတ်တစ်ရှူးတွေဟာ ပုံမှန်ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပါဘူး။
အသည်းခြောက်စေတဲ့ အကြောင်းတွေ...
အရက်ကို နှစ်ရှည်လများ အလွန်အကျွံ သောက်သုံးခြင်း
နာတာရှည် အသည်းရောင်အသားဝါ (အထူးသဖြင့် အသည်းရောင် ဘီပိုး နဲ့ စီပိုး) ရှိခြင်း
နာတာရှည် အသည်းအဆီဖုံးခြင်း ရှိခြင်း
သည်းခြေပြွန် ရောင်ခြင်း၊ ပိတ်ခြင်း
ကိုယ်ခံအားစနစ် ချွတ်ယွင်းမှုကြောင့်ဖြစ်သော အသည်းရောင်ရောဂါရှိခြင်း (autoimmune hepatitis)
Cystic fibrosisကဲ့သို့သော မွေးရာပါ ရောဂါတချို့ရှိခြင်း စတာတွေကြောင့် အသည်းခြောက်နိုင်ပါတယ်။
ဘယ်လို လက္ခဏာတွေ ပြမလဲ??
အစပိုင်းမှာ ဆိုရင်...
အားနည်းပြီး မောပန်းနေတာ
ပျို့အန်တာ
အစာစားချင်စိတ်မရှိတာ
ကြွက်သားတွေနဲ့ ကိုယ်အလေးချိန် လျော့သွားတာ
လက်မှာအနီစက်တွေထွက်တာ၊ ဝမ်းဗိုက်မှာ ပင့်ကူပုံစံ အနီစက်တွေထွက်တာတွေ ဖြစ်ပါလိမ့်မယ်။
ရောဂါပိုဆိုးလာရင်တော့...
မျက်နှာနဲ့ အသားဝါတာ
သွေးအန်တာ၊ သွေးဝမ်းသွားတာ
အရေးပြားတွေ ယားယံတာ
သွေးထွက်လွယ်၊ အညိုအမဲစွဲလွယ်တာ
ခြေထောက်တွေ ဖောယောင်တာ
ဗိုက်ပူလာတာ (ရေဖျဥ်းစွဲတာ) တွေပါ ဖြစ်လာပါတယ်။
ဘယ်လိုကုသမလဲ??
အသည်းခြောက်တာကို ပျေက်ကင်းအောင် ကုသလို့မရပါဘူး။ ပိုဆိုးမသွားအောင်၊ အသည်းကင်ဆာ မဖြစ်အောင်သာ ကုသလို့ ရတာပါ။ ဥပမာ-အရက်ဖြတ်တာ၊ အသည်းရောင် ဘီပိုး၊ စီပိုးအတွက် ကုသမှုခံယူတာ၊ အဝလွန်နေရင် ဝိတ်လျှော့တာ၊ ဆားလျှော့စားတာ၊ ကျန်းမာအောင် နေထိုင်စားသောက်တာမျိုး လုပ်ရပါမယ်။
အသည်းရဲ့ အခြေအနေက တော်တော်ဆိုးပြီး သူ့ရဲ့ ပုံမှန်လုပ်ငန်းတွေမလုပ်နိုင်ရင်တော့ အသည်းအစားထိုးခြင်းကသာ တစ်ခုတည်း ကုသမှုနည်းလမ်း ဖြစ်ပါတယ်။
အသည်းမခြောက်အောင် ကာကွယ်ကြမယ်...
အရက်ကို အလွန်အကျွံမဟုတ်ဘဲ သောက်သင့်တဲ့ ပမာဏပဲ သောက်တာ
အသည်းရောင် ဘီပိုးကာကွယ်ဆေးထိုးတာ (စီပိုးအတွက် ကာကွယ်ဆေး မရှိသေးပါ)
ဘီပိုး စီးပိုးရှိနေရင် ဆေးကုသမှု ခံယူတာ
ကိုယ်အလေးချိန် ထိန်းတာ
ကျန်းမာပြီး အာဟာရဖြစ်တဲ့ အစားအစာတွေ စားသောက်တာ တွေနဲ့ အသည်းခြောက်ခြင်း မဖြစ်ရအောင် ကာကွယ်နိုင်ပါတယ်။
အသည်းခြောက်တယ်လို့ သံသယရှိစရာ လက္ခဏာတွေ ရှိနေရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေး ကုသမှုခံယူရပါမယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။